Gym ဆော့တဲ့အခါ Personal Trainer ငှားဖို့လိုအပ်သလား
ကျွန်တော်တို့မြန်မာနိုင်ငံမှာ Gym ဆော့တဲ့သူလည်း တော်တော်ရှားသလို၊ Gym ကစားတယ်ဆိုရင်လည်း များသောအားဖြင့် သီးသန့် Personal Trainer ငှားတတ်ကြတာမျိုးမရှိပါဘူး။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုရင်
၁။ PT တွေက စျေးကြီးလွန်းတယ်။
တကယ်တမ်းက စျေးကြီးတာတော့ မဟုတ်ပေမဲ့ ဝင်ငွေနည်းတဲ့သူတစ်ယောက် Gym ဆော့ပြီဆိုရင် PT သီးသန့် ထပ်ငှားဖို့ ဘယ်လိုမှအဆင်မပြေသလို၊ ဒီနိုင်ငံရဲ့ Trainer နည်းပြ ငှားရမ်းခကလည်း တော်တော်လေး ပေါက်မြောက်ပါတယ်။
၂။ Gym ကို အဖြစ်သဘောနဲ့ ဆော့ချင်ကြတာ။
ဒါကတော့ Gym ကို ကျန်းမာရေးအတွက်လည်း မဟုတ်သလို၊ အလှအပအတွက်ဆိုပေမယ့် စိတ်ထဲမှာ ပြင်းပြင်းပြပြ လိုချင်တာမျိုးမဟုတ်ဘဲ အပေါင်းအသင်းတွေက လိုက်ဆော့လို့၊ စျေးတန်လို့၊ ခဏတာ လေ့ကျင့်ခန်းသဘောမျိုး လုပ်ရအောင်လို့ဆိုပြီး လာဆော့တတ်ကြပါတယ်။ ဒီလိုလူတွေကတော့ Gym ၅ မိနစ်ဆော့ပြီး နာရီဝက်လောက် ဓာတ်ပုံရိုက်ပြီးတာနဲ့ ပြန်တာဆိုတော့ PT သက်သက် ထပ်ငှားဖို့တော့ မလိုဘူးပေါ့။
၃။ အမှန်တကယ် တတ်ကျွမ်းတဲ့ PT ရှားတာ။
Personal Trainer တစ်ယောက်ဟာ ကိုယ်တိုင်က လေ့ကျင့်ခန်းကို နည်းစနစ်မှန်မှန်နဲ့ ဆော့တတ်ဖို့ လိုအပ်သလို၊ မဆော့တတ်သူတွေကို လူတစ်ယောက်ချင်းစီရဲ့ အနေအထားအလိုက် စနစ်တကျ ဆော့တတ်လာအောင် သင်ပေးတတ်ဖို့လည်း လိုပါတယ်။ ဒါ့အပြင် ကိုယ်လေ့ကျင့်ပေးနေရသူ တစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်အလေးချိန်၊ လိုချင်တဲ့ ပုံစံ၊ သက်လုံဘယ်လောက်ထိ ကောင်းလဲ၊ လေ့ကျင့်ခန်းလုပ်တဲ့အနေအထား၊ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်သန်စွမ်းမှု၊ အစာအာဟာရပြည့်ဝမှု၊ ဓာတ်မတည့်မှု စတာတွေအားလုံးကို တွက်ဆပြီးမှ သူ့အတွက် လေ့ကျင့်ခန်းအနီးကပ် ညွှန်ပြပေးတာအပြင် သင့်တော်တဲ့ စားသောက်နေထိုင်မှုပုံစံကိုပါ ပလန်ချပေးဖို့ အရေးကြီးပါတယ်။
သက်ကြီးရွယ်အိုတွေ၊ လူကြီးပိုင်းတွေ၊ ဒါမှမဟုတ် ကျန်းမာရေးကြောင့် Gym ကစားနေသူတွေအနေနဲ့ Personal Trainer ကို မဖြစ်မနေ ငှားဖို့တော့ မလိုအပ်ပါဘူး။ အကယ်လို့ ကိုယ်က လူငယ်တစ်ယောက်ဖြစ်ပြီး ကျန်းမာရေးနဲ့ အလှအပနှစ်မျိုးလုံးအတွက် Gym ကစားသလို၊ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားကိုလည်း အချိန်တိုအတွင်း လိုချင်တယ်ဆိုရင်တော့ အမှန်တကယ် တတ်ကျွမ်းတဲ့ Personal Trainer တစ်ယောက်ကို ငှားတာ အကောင်းဆုံးပါပဲ။
Personal Trainer ငှားပြီး စနစ်တကျ လေ့ကျင့်ခန်းဆော့တဲ့အခါ ကောင်းကျိုးအနေနဲ့
· လေ့ကျင့်ခန်းလုပ်ရာမှာ မှားတတ်တဲ့ ပြဿနာတွေ (ဥပမာ - အသက်ရှူသွင်းရှူထုတ် မှားနေတာ၊ ကြွက်သားညှစ်တဲ့နေရာ မှားနေတာ၊ လေ့ကျင့်ခန်းလုပ်တဲ့ ပုံစံအနေအထားမှားနေတာ)ကို သေချာပြင်ပေးပြီး စနစ်တကျ ဆော့နိုင်အောင် ကူညီပေးနိုင်ပါတယ်။
· ကိုယ့်ရဲ့ Gym ဆော့ရတဲ့ ရည်ရွယ်ချက်ပေါ် မူတည်ပြီး အသင့်တော်ဆုံးဖြစ်မယ့် လေ့ကျင့်ခန်းနည်းလမ်းတွေကို ပြောပြပေးနိုင်တယ်။
· ခန္ဓာကိုယ်အချိုးအစား၊ ကျန်းမာရေးနဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး ကိုယ့်ကျန်းမာရေးနဲ့ ခန္ဓာကိုယ်အတွက် ကိုက်ညီမယ့် စားသောက်နေထိုင်မှုပုံစံပလန်တစ်ခုကို သေချာဆွဲပေးနိုင်တာကြောင့် လေ့ကျင့်ခန်းနဲ့ Diet အချိုးညီမျှတသွားမယ်။
· အချိန်တိုအတွင်းမှာ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစား ရလဒ်တစ်ခုကိုရောက်အောင် ဘေးကနေကြပ်မတ်ကူညီပေးနိုင်တယ်။
· ကိုယ့်တစ်ဦးတည်းကိုသာ အာရုံစိုက်ပြီး Training ပေးနေရတာဖြစ်တဲ့အတွက် Gym ဆော့နေတဲ့အချိန်မှာ စိတ်အာရုံအပြည့်အဝထည့်ပြီး အားစိုက်ကစားနိုင်စေပါတယ်။
· Gym ကစားခြင်းကြောင့် တခြားမလိုအပ်တဲ့ ဘေးထွက်ဆိုးကျိုး၊ ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို၊ ကိုယ့်ဘက်က ပေးလိုက်ရတာနဲ့ တန်တဲ့ ဝန်ဆောင်မှုမျိုး ပြန်ရနိုင်တယ်။
· Gym ကစားတဲ့အခါ မလိုအပ်ဘဲ အပျင်းတစ်တာ၊ တစ်နေ့တာ ဘာကစားရမှန်းမသိတာ၊ ဘယ်လေ့ကျင့်ခန်းက ကိုယ့်ခန္ဓာကိုယ် ကြွက်သားအတွက် ထိရောက်လဲဆိုတာတွေကို သေချာသိနိုင်သလို၊ နေ့တိုင်း မတူညီတဲ့ လေ့ကျင့်ခန်းပုံစံနဲ့ လေ့ကျင့်ပေးနိုင်တယ်။
· အထူးသဖြင့် အလေးမသူတွေအနေနဲ့ ကြွက်သားထိခိုက်မှုမဖြစ်အောင် ဘေးကနေ ကူညီပေးနိုင်တယ်။
Personal Trainer ငှားတော့မယ်ဆိုရင် သိထားဖို့ လိုအပ်တာက
၁။ ကိုယ်က Gym ကစားဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့နဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ပြောင်းလဲချင်စိတ် အပြည့်အဝရှိနေဖို့ လိုအပ်ပါတယ်။
၂။ Gym ကို နည်းပြဆရာက သတ်မှတ်ထားတဲ့ ရက်နဲ့အချိန်အတိုင်း အတိအကျ မပျက်မကွက် လာပေးနိုင်ဖို့ လိုပါတယ်။
၃။ စားသောက်နေထိုင်မှုပုံစံကို အကြောင်းမရှိဘဲ ပြောင်းတာ၊ နည်းပြဆရာမသိအောင် ပလန်ထဲ မပါတဲ့အစားအစာတွေ စားသုံးတာမျိုး လုံးဝလုပ်လို့မရပါဘူး။
၄။ ကြားထဲမှာ စိတ်ပျက်အားလျော့ပြီး လက်လျှော့လိုက်တာမျိုး မလုပ်သင့်ပါဘူး။
ရေးသားသူ - ရဲမျိုးမြတ်